Logo of Wizzdo
Wizzdo Logo
Wizzdo

Adventurer (ISFP)

ဆန်းသစ်တီထွင်သူ / အနုပညာရှင်

ကြော်ငြာထည့်သွင်းလိုပါက ဒီမှာ နှိပ်ပါ။
  • အကျဉ်းချုပ်
  • အားသာချက်နှင့် အားနည်းချက်များ
  • အချစ်ရေး
  • ပေါင်းသင်းဆက်ဆံရေး
  • အလုပ်အကိုင်လမ်းကြောင်း

အကျဉ်းချုပ်

ဆန်းသစ်တီထွင်သူတွေက စူးစမ်းချင်စိတ်ပြင်းပြပြီးတော့ အပျော်ရှာတတ်တဲ့ Explorers အုပ်စုလေးမျိုးထဲက တစ်မျိုးဖြစ်ပါတယ်။ ပြောင်းလဲပြင်လွယ်ရှိပြီး ချစ်စရာကောင်းတဲ့ အနုပညာရှင်တွေ ဖြစ်ကြပြီးတော့ အသစ်အသစ်တွေကို ရှာဖွေစမ်းသပ်ချင်ကြတဲ့ ဆန်းသစ်တီထွင်သူတွေက ISFP ဆိုတဲ့ ကိုယ်ရည်ကိုယ်သွေးကို ပိုင်ဆိုင်ထားပါတယ်။

ISFP တွေက

  • Introverted တသီးတသန့် နေရတာကြိုက်တယ်
  • Observant လက်ရှိမှာ ဖြစ်ပျက်ပြောင်းလဲနေတာကို သတိထားတတ်တယ်
  • Feeling ခံစားချက်နောက်လိုက်တတ်ပြီးတော့
  • Prospecting အခြေအနေ အလားအလာကို ကြည့်ပြီး လုပ်ဆောင်တတ်ကြတယ်
သူတို့က သူများတွေရဲ့ အမြင်တွေကို လက်ခံပေးနိုင်တယ်။ အတွေ့အကြုံအသစ်တွေ ရှိပြီးတော့ နွေးထွေးတဲ့ နှလုံးသားတွေ ရှိကြပါတယ်။ သူတို့က အတိတ်ကို တွေးပူနေတာတို့၊ အနာဂတ်အတွက် စိုးရိမ်နေတာတို့ မရှိဘဲ လက်ရှိမှာဘဲ နေနိုင်တဲ့စွမ်းရည်ကြောင့် သူတို့ရဲ့ လုပ်နိုင်စွမ်းတွေ အများကြီးကို တွေ့ရှိနိုင်ကြပါတယ်။
ဆန်းသစ်တီထွင်သူတွေက စစ်မှန်တဲ့ အနုပညာရှင်တွေ ဖြစ်ကြတယ်။ သူတို့အတွက် ဘဝဆိုတာ ပုံဖော်ရေးခြစ် ပန်းချီဆွဲရတဲ့ ပတ္တူအထည်စနဲ့ တူပါတယ်။ ဘာဝတ်မလဲ ကစပြီး အားလပ်ချိန်တွေကို ဘယ်လိုကုန်ဆုံးမလဲ ဆိုတာအထိ သူတို့ကိုယ်သူတို့ ထူးထူးခြားခြားလေးဖြစ်အောင် ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုပြီး တွေးတတ်ကြပါတယ်။
ပြီးတော့ ဆန်းသစ်တီထွင်သူတွေက တကယ်လည်း တမူထူးခြားကြပါတယ်။ စူးစမ်းချင်စိတ်ပြင်းပြပြီးတော့ အသစ်အသစ်တွေကို စမ်းသပ်ချင်စိတ်ပြင်းထန်တာကြောင့် သူတို့မှာ စိတ်ဝင်စားမှုတွေ၊ ဝါသနာတွေ အများကြီး ရှိတတ်ပါတယ်။ နေ့စဉ်ဘဝမှာ ပျော်ရွှင်မှုကို ရှာဖွေနိုင်စွမ်းနဲ့၊ စူးစမ်းတတ်တဲ့ အကျင့်ကြောင့် ဆန်းသစ်တီထွင်သူတွေက တအားကို စိတ်ဝင်စားစရာကောင်းတဲ့ လူတွေဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို နှိမ့်ချတတ်ပြီး မဝင့်မကြွားဘဲ နေတာကြောင့် သူတို့လုပ်စရာရှိတာကိုအေးဆေးလုပ်နေတတ်ကြတယ်။ ပြီးတော့ သူများတွေအမြင်မှာ သူတို့က ထူးခြားပြီးတော့ စိတ်ဝင်စားစရာကောင်းနေတာကိုလည်း သတိမထားမိကြပါဘူး။

သဘောထားကြီးခြင်းရဲ့ အလှ

ဆန်းသစ်တီထွင်သူတွေက အခြေအနေအလိုက် လိုက်လျောညီထွေအောင် နေတတ်ပြီးတော့ ပြောင်းလွယ်ပြင်လွယ်ရှိကြပါတယ်။ သူတို့က နေ့စဉ်လုပ်ငန်းစဉ်၊ အချိန်ဇယားတွေအတိုင်း ဘဝကို မဖြတ်သန်းကြပါဘူး။ သူတို့က နေ့ရက်တိုင်းမှာ သူတို့လုပ်ချင်စိတ်ရှိတဲ့ ကိစ္စတွေကို လုပ်ရင်း ဖြတ်သန်းကြပါတယ်။ ပြီးတော့ သူတို့က မမျှော်လင့်ထားဘဲ ဖြစ်လာနိုင်တဲ့ ကိစ္စတွေအတွက် အချိန်တွေ ဖယ်ပေးထားတတ်ပါတယ်။ ဒါကြောင့် သူတို့တစ်ယောက်တည်းဖြစ်စေ၊ ချစ်ရတဲ့လူတွေနဲ့ ဖြစ်စေ အစီအစဉ်မရှိဘဲ အပြင်ထွက်လည်တာတို့၊ စွန့်စားတာတို့တွေလုပ်ရင်း မမေ့နိုင်တဲ့အမှတ်တရတွေကို ရရှိပါတယ်။
သူတို့ရဲ့ ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ အကျင့်ကြောင့် သူများတွေအမြင်ကို သဘောထားကြီးပေးနိုင်ပြီး သည်းခံနိုင်ကြပါတယ်။ သူတို့က လူပေါင်းစုံနဲ့ နေရတာကို ကြိုက်ကြပါတယ်။ သူတို့နဲ့ အမြင်ချင်းမတူ၊ ဆန့်ကျင်နေတဲ့လူတွေ၊ နေထိုင်မှုပုံစံ ကွဲပြားနေတဲ့လူတွေနဲ့တောင် အတူတူ နေထိုင်နိုင်ကြပါတယ်။ ဒါကြောင့်ဘဲ သူတို့ရဲ့ စိတ်တွေကို ပြန်ပြောင်းနိုင်ကြပြီး သူတို့ရဲ့ ထင်မြင်ချက်လေးတွေကို ပြန်စဉ်းစားသုံးသပ်နိုင်ကြပါတယ်။ တစ်ယောက်ယောက်က တစ်ယောက်ယောက်၊ တစ်ခုခုကို ဒုတိယအခွင့်အရေးပေးတာ၊ နှစ်ခါပြန်စဉ်းစားတာတို့ လုပ်ရင် အဲ့ဒါက ဆန်းသစ်တီထွင်သူတွေ ပါဘဲ။

ဆန်းသစ်တီထွင်သူတွေက သူတို့ကိုယ်တိုင်အပါအဝင် အားလုံးက ကိုယ်မှန်တယ်ထင်တဲ့ အတိုင်း ဘာဝေဖန်မှုမှ မခံရဘဲ လွတ်လွတ်လပ်လပ် နေလို့ရတဲ့ ကမ္ဘာကြီးမှာ နေထိုင်ချင်ကြပါတယ်။

အခြေအနေကို ထိန်းချုပ်ဖို့ ပြောင်းလဲဖို့ မကြိုးစားဘဲ ဒီတိုင်းဖြစ်နေတဲ့ အခြေအနေအတိုင်းလေးဘဲ ဖြတ်သန်းသွားချင်တဲ့ သူတို့ရဲ့စိတ်ဓာတ်မှာ ဆိုးကျိုး‌လေးတွေ ရှိပါတယ်။ ဆန်းသစ်တီထွင်သူတွေက ရေရှည်အစီအစဉ် ချမှတ်ဖို့ ခက်ခဲနေကြပါလိမ့်မယ်။ ဒါကြောင့် သူတို့ရဲ့ ပန်းတိုင်ကိုရောက်ဖို့ လိုအပ်တဲ့ စွမ်းရည်တွေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်တာမျိုး ဖြစ်တတ်ပါတယ်။ ပြီးတော့ သူများတွေ သူတို့ကို စိတ်ပျက်သွားမှာကို ခဏခဏ စိုးရိမ်နေတတ်ကြတယ်။ လွတ်လွတ်လပ်လပ် ဖြတ်သန်းချင်တဲ့ စိတ်ကို လုံးဝချိုးနှိမ်လိုက်တာမျိုး မဟုတ်ဘဲ နေ့စဉ်ဘဝကို နည်းနည်းလေးဘဲဖြစ်ဖြစ် အစီအစဉ်တကျလေး ဖြတ်သန်းသွားရင် သူတို့ရဲ့ လုပ်နိုင်စွမ်းတွေ၊ စနစ်တကျရှိမှုလေးတွေကို မြင်နိုင်မှာပါ။

လိုက်လျောညီထွေအောင် နေနိုင်ခြင်း

လူမှုဆက်ဆံရေးမှာဆိုရင် ဆန်းသစ်တီထွင်သူတွေက နွေးထွေးတယ်၊ ဖော်ရွေတယ်၊ ခင်စရာကောင်းတယ်၊ ဂရုစိုက်ပေးတတ်တယ်။ သူတို့ရဲ့ အနီးဆုံး၊ အချစ်ရဆုံးလူတွေနဲ့ အဖော်ပြုနေရတာကို အစွမ်းကုန် ပျော်ရွှင်တတ်ကြတယ်။ ဒါပေမယ့် သူတို့က တစ်ယောက်တည်းနေမှ ခွန်အားတွေပြည့်တတ်တဲ့ Introverted ( I ) တွေဖြစ်ကြတာကြောင့် တခြားလူတွေနဲ့ ရောနှောဆက်ဆံပြီးသွားရင်တော့ တစ်ယောက်တည်းနေဖို့ အချိန်တွေ လိုအပ်ပါတယ်။ ဒီလိုတစ်ယောက်တည်းနေတဲ့ အချိန်မှာ သူတို့ရဲ့ ပုံစံ၊ ကိုယ်ပိုင်လက္ခဏာတွေကို ပြန်တည်ဆောက်နိုင်ပြီး သူများတွေနဲ့ ကိုယ့်ရဲ့ ပုံစံအမှန်အတိုင်း ဆက်ဆံနိုင်မှာပါ။

ကိုယ့်ကိုယ်ကို အချိန်တွေမပေးရင် ဆန်းသစ်တီထွင်သူတွေက ကိုယ့်ပုံစံလေးအတိုင်းမဟုတ်ဘဲ ပြင်ပအခြေအနေက တွန်းပို့တဲ့အတိုင်း ဘဝကို ဖြတ်သန်းရင်း နေ့စဉ်ဘဝမှာ လမ်းပျောက်သလို ခံစားသွားရနိုင်ပါတယ်။

ဖန်တီးနိုင်စွမ်းမြင့်ပြီးတော့ လွတ်လွတ်လပ်လပ်နေတတ်ကြတာကြောင့် လူမှုအသိုင်းအဝိုင်းက သတ်မှတ်တွေလိုမဟုတ်ဘဲ ကိုယ်ပိုင်ဟန်လေးအတိုင်း လုပ်ဆောင်တတ်ကြပါတယ်။ ပြီးတော့ သူများတွေသူတို့ကို ဘယ်လိုထင်ကြမလဲဆိုပြီးတော့လည်း မစိုးရိမ်တတ်ကြဘူးလို့ ထင်ရပါတယ်။ ဒါပေမယ့် သူတို့က ထိုးထွင်းမြင်တတ်ကြတာကြောင့် သူများတွေရဲ့ ခံစားချက်၊ ထင်မြင်ချက်တွေကို ဖွင့်မပြောဘဲလည်း မြင်တတ်ကြပါတယ်။ ဒါကြောင့် သူတို့ကို သူများတွေ မကြိုက်ဘူး၊ လက်မခံဘူး၊ အသိအမှတ်မပြုကြဘူးဆိုတာကို သိလိုက်ရရင် သူတို့က စိတ်မကောင်းဖြစ်သွားတတ်ပါတယ်။ သူများတွေနဲ့ ဝေဖန်ခံရရင်တော့ ပူလောင်ဒေါသထွက်တတ်ပါတယ်။ တကယ်လို့ သူတို့က ပြင်းထန်ပြီး မတရားပြောခံရတာတို့၊ ဝေဖန်ခံရတို့ ကြုံရင် တော်တော် ပေါက်ကွဲတတ်ပါတယ်။
ဒါပေမယ့်လည်း ဆန်းသစ်တီထွင်သူတွေက လက်ရှိမှာဘဲ နေထိုင်ကြတာကြောင့် အတိတ်က နာကျင်မှု၊ ဒေါသထွက်မှုတွေကိုဘဲ တအုံအုံနွေးနွေး မခံစားတတ်ကြပါဘူး။ သူတို့က ဘယ်လိုလုပ်လိုက်ရင်၊ ဘယ်လိုလေးသာ ဖြစ်လိုက်ရင် ပိုကောင်းမှာဆိုပြီး တွေးမနေကြပါဘူး။ လက်ရှိဖြစ်နေတဲ့အတိုင်းလေးကိုဘဲ လက်ခံပြီး ကျေနပ်တတ်ကြပါတယ်။ ပြီးတော့ ဘယ်နေရာမှာမဆို သူများတွေမမြင်လိုက်မိတဲ့ အလှတရား၊ ပျော်ရွှင်မှုကို မြင်တတ်ကြပါသေးတယ်။

ကြော်ငြာထည့်သွင်းလိုပါက ဒီမှာ နှိပ်ပါ။
isfp
ပင်မMBTI Test
Developed With ❤️ By Minn Khant Naing

SHARE