Logo of Wizzdo
Wizzdo Logo
Wizzdo

Architect (INTJ)

စီမံဖန်တီးသူ / ဗိသုကာပညာရှင်

ကြော်ငြာထည့်သွင်းလိုပါက ဒီမှာ နှိပ်ပါ။
  • အကျဉ်းချုပ်
  • အားသာချက်နှင့် အားနည်းချက်များ
  • အချစ်ရေး
  • ပေါင်းသင်းဆက်ဆံရေး
  • အလုပ်အကိုင်လမ်းကြောင်း

အကျဉ်းချုပ်

စီမံဖန်တီးသူတွေဟာ Analyst တွေဖြစ်တဲ့ ခွဲဖြာဆန်းစစ်တတ်တဲ့ ကိုယ်ရည်ကိုယ်သွေးရှိတဲ့ အုပ်စုလေးမျိုးထဲက တစ်မျိုးဖြစ်တယ်။ အရာရာကို အကွက်ကျကျ ကြိုတင်စီမံတတ်တဲ့ ဗိသုကာပညာရှင်/စီမံဖန်တီးသူတွေက INTJ ဆိုတဲ့ ကိုယ်ရည်ကိုယ်သွေးကို ပိုင်ဆိုင်ထားကြတယ်။

INTJ တွေက

  • Introverted တသီးတသန့် နေရတာကြိုက်တယ်
  • Intuitive ဗီဇစိတ်နဲ့ အလိုလိုသိတတ်တယ်
  • Thinking အချက်အလက်တွေကို အားထားတွေးတောတတ်ပြီးတော့
  • Judging ချင့်ချိန်ပြီးကြိုတင်စီမံတတ်တယ်
စီမံဖန်တီးသူလေးတွေက ဘဝကို သေးသေးလေးကစ အကောင်းဆုံးဖြစ်အောင် အနုစိပ်လုပ်ရတာ၊ ဖန်တီးရတာ၊ ယုတ္တိရှိပြီး ကျိုးကြောင်းဆီလျော်တာတွေကို သဘောကျကြတယ်။
INTJ က ရှားပါးတဲ့ ကိုယ်ရည်ကိုယ်သွေး အမျိုးအစားတွေထဲက တစ်ခုဖြစ်ပြီးတော့ လုပ်နိုင်စွမ်းအမြင့်ဆုံး အုပ်စုထဲက တစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့်လည်း ထိပ်ဆုံးမှာတစ်ယောက်တည်း အထီးကျန်နေတတ်ပါတယ်။
စီမံဖန်တီးသူလေးတွေက စဉ်းစားချင့်ချိန်တတ်ပြီး ဉာဏ်ထက်တာကြောင့် အပေါ်ယံအယောင်ဆောင် ကြောင်သူတော်လေးတွေကို ခွဲခြားနိုင်ကြတယ်။ ဒီလို အမြဲချင့်ချိန်ခွဲခြား တတ်တာကြောင့်ဘဲလည်း ရေရှည်လက်တွဲ ခင်မင်နိုင်တဲ့ လူတွေကို ရှာရခက်နေတတ်ပါတယ်။

စီမံဖန်တီးသူတွေက သူများတွေချထားတဲ့ လမ်းစဉ်ထက် ကိုယ်ယုံကြည်ရာနောက် လိုက်ရတာကြိုက်ကြတယ်

သူများတွေက ရှေးလူကြီးတွေ လမ်းညွှန်ခဲ့တဲ့အတိုင်း သမားရိုးကျလမ်းစဉ်လိုက်ပြီး မိုးခါးရေသောက်နေချိန်မှာ စီမံဖန်တီးသူလေးတွေကတော့ အမြဲမေးခွန်းတွေထုတ်ပြီး ကိုယ်တိုင်ရှာဖွေတွေ့ရှိရတာကို ပိုသဘောကျကြပါတယ်။ သူတို့ထင်တာ ယုံကြည်တာတွေကို လုပ်ဖို့ စည်းမျဉ်းစည်းကမ်းတွေ ဓလေ့ထုံးတမ်းတွေကို ပယ်ဖျက်ပစ်ဖို့လည်း ဝန်မလေးကြပါဘူး။
စီမံဖန်တီးသူလေးတွေက တီထွင်ကြံဆရုံတင်မကဘဲ အောင်မြင်ချင်ကြတယ်။ ဒါကြောင့် သူတို့က အမြော်အမြင်၊ ဆင်ခြင်တုံတရားနဲ့ ပြင်းပြတဲ့ ဆန္ဒတွေနဲ့ သူတို့ရဲ့ စိတ်ကူးလေးတွေ အကောင်အထည်ဖော်ဖို့ကြိုးစားကြတယ်။ ပြီး‌တော့ သူတို့ရဲ့ သူများနဲ့မတူ တီထွင်ကြံဆတတ်တဲ့ စိတ်ဓာတ်ကြောင့် သူတို့က ပတ်ဝန်းကျင်ရဲ့ ဝေဖန်မှုတွေ ကိုတော်တော်ခံကြရတယ်။
စီမံဖန်တီးသူလေးတွေက လုံးဝကို မှီခိုမှုကင်းကြတယ် ပင်ကိုစရိုက်ပိုင်ရှင်တွေ ဖြစ်ကြတယ်။ သူများတွေကိုစောင့်ရတာမကြိုက်တော့ တစ်ယောက်တည်း လုပ်ရတာမျိုးတွေပိုကြိုက်တယ်။ သူများတွေကို မမေးဘဲ တစ်ယောက်တည်း ဆုံးဖြတ်ချက်ချတာမျိုးတွေလည်း လုပ်တတ်တယ်။ သူများတွေရဲ့ အတွေးတွေ၊ ဆန္ဒတွေ၊ အစီအစဉ်တွေကို ထည့်သွင်းမစဉ်းစားပေးတတ်တော့ တစ်ခါတစ်လေ စာနာစိတ်ကင်းမဲ့တဲ့ ပုံပေါက်နေတတ်တယ်။
ဒါပေမယ့် စီမံဖန်တီးသူလေးတွေကို ဂရုမစိုက်တတ်ဘူးလို့ ထင်ရင်မှားသွားလိမ့်မယ်။ သူတို့တွေက အပြင်ပိုင်းမှာ ကြံ့ခိုင်တယ်ထင်ရပေမယ့် အတွင်းစိတ်ထဲမှာ နက်နက်နဲနဲ ခံစားတတ်တဲ့ လူတွေဖြစ်ကြတယ်။ မှားသွားတဲ့ချိန်ဖြစ်ဖြစ်၊ သူများကို နာကျင်စေလိုက်မိတဲ့ အချိန်ဖြစ်ဖြစ် စီမံဖန်တီးသူတွေက တော်တော်ခံစားတတ်ကြပြီး ဘာလို့ဒီလိုဖြစ်တာလည်းဆိုပြီး တွေးလို့မဆုံးနိုင်တော့ပါဘူး။ ဆုံးဖြတ်ချက်ချတဲ့အချိန်မှာ ခံစားချက်ကို ထည့်မစဉ်းစားပေမယ့်လည်း သူတို့ကလည်းလူသားဖြစ်တဲ့ အလျောက် ခံစားတတ်ကြပါတယ်။

စီမံဖန်တီးသူတွေက ပညာကို ဂုဏ်အတွက် သင်တာမဟုတ်ဘဲ တကယ်ပညာကို လိုချင်လို့ ဗဟုသုတတိုးချင်လို့ သင်ကြတာဖြစ်တယ်။

စီမံဖန်တီးသူလေးတွေက အိပ်မက်ရှိကြတဲ့ လူတွေအမြင်မှာတော့ အရဲရင့်ဆုံးလူဖြစ်ပြီး အဆိုးမြင်တတ်တဲ့ လူတွေအတွက်တော့ အခါးသီးဆုံးလူတွေဖြစ်နေနိုင်ပါတယ်။ သူတို့တွေက ပြင်းပြတဲ့ ဆန္ဒနဲ့ အသိဉာဏ်ရှိရင် ဘယ်လိုအရာ ပန်းတိုင်ကိုမဆို ရောက်အောင်လုပ်နိုင်တယ် ဆိုပြီး ယုံကြည်တတ်ကြတယ်။ ပြီးတော့လူတွေက ပျင်းတယ်၊ မဆန်းသစ်တတ်ဘူး၊ ပုံမှန်ဘဝနဲ့ ရောင့်ရဲနေကြတယ်ဆိုပြီးလည်း တွေးတတ်ကြတယ်။
INTJ စရိုက်ရှိကြတဲ့လူတွေက ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးဖို့ ဗဟုသုတတွေ ထိုးထွင်းဉာဏ်တွေလိုတယ်လို့ ယုံကြည်ကြတယ်။ ဒါကြောင့် ပညာတွေကို အပတ်တကုတ် ကြိုးစားရှာတတ်ကြတယ်။ ကျောင်းမှာဆို စာကြမ်းပိုး၊ စာရူးဆိုပြီး ခေါ်ခံရတတ်တယ်။ သူတို့စိတ်ဝင်စားတဲ့ အရာမှန်သမျှကိုလည်း ဆရာ မလိုဘဲ ကိုယ်တိုင်သင်ယူနိုင်စွမ်းရှိကြတယ်။
စီမံဖန်တီးသူလေးတွေက အပျော်အပြက်ကိစ္စတွေ အတင်းတုပ်တာတွေကို မကြိုက်ကြဘူး။ ဒါပေမယ့် သူတို့က အပြင်ပန်းမှာ တည်ကြည်လေးနက်နေပေမယ့် ဟာသဉာဏ်ရွှင်ကြပါတယ်။

စီမံဖန်တီးသူတွေက လူတွေနဲ့ဆက်ဆံရတာ စိတ်ပျက်စရာကောင်းတယ်လို့ထင်ရင် ထင်နေပါလိမ့်မယ်

စီမံဖန်တီးသူတွေက ယဉ်ကျေးတာ မယဉ်ကျေးတာတွေ တွေးမနေဘဲ တည့်တိုးပြောတတ်ကြတယ်။ အမှန်တရားကို ဖက်တွယ်ထားတော့ လောကဝတ်ဖြစ်တဲ့ စကားစမြည်ပြောတာတွေ စေတနာမုသား အသေးလေးတွေကို အဓိပ္ပာယ်မရှိဘူးလို့ ထင်တတ်ကြတယ်။ သူတို့ရဲ့ အမှန်တရားအတိုင်း ပြောတတ်တဲ့အကျင့်၊ ရိုးသားတဲ့စရိုက်တွေကြောင့် သူများတွေက သူ့ကိုရိုင်းတယ်လို့ထင်တတ်ကြပါတယ်။
စီမံဖန်တီးသူတွေလည်း တစ်ခြားကိုယ်ရည်ကိုယ်သွေး အမျိုးအစားတွေလို အပေါင်းအသင်းတွေကိုတမ်းတ ကြပါတယ်။ ဒါပေမယ့် သူတို့နဲ့ တန်ဖိုးထားတာချင်းတူတဲ့လူ ဦးစားပေးသတ်မှတ်တာချင်းတူတဲ့လူကို ပိုလိုချင်ကြတာပါ။ သူတို့ရဲ့ နဂိုစရိုက်အတိုင်း နေတဲ့ချိန်မှ ဒီလိုစိတ်သဘောထားချင်း တူတဲ့လူကို ရနိုင်တာပါ။ ဘာလို့ဆို စီမံဖန်တီးသူတွေ သူတို့စိတ်ဝင်စားတာ လုပ်နေတဲ့ချိန် သူတို့ရဲ့ကိုယ့်ကိုယ်ကို ယုံကြည်မှုက လူတွေသူ့ကို စိတ်ဝင်စားလာအောင် ဆွဲဆောင်နိုင်လို့ပါဘဲ။

စီမံဖန်တီးသူတွေက ဘဝကို စစ်တုရင်ခုံလို သဘောထားတတ်ကြတယ်။

စီမံဖန်တီးသူတွေအတွက်က ဘဝက စစ်တုရင်ခုံကြီးလိုပါဘဲ။ ကံထက် ဗျူဟာပေါ် ပိုအားကိုးဖို့လိုတယ်လို့ ယုံကြည်ကြတယ်။ တစ်ခုခုမလုပ်ခင် ကောင်းကွက်ဆိုးကွက်တွေကို ကြိုသုံးသပ်တယ်။ ပြီးတော့ထိုးထွင်းဉာဏ်နဲ့ အမြော်အမြင်ရှိတော့ ဘယ်လောက်ဆိုးတဲ့ အခြေအနေမှာမဆို အောင်မြင်နိုင်မယ့်နည်း ရှိတယ်လို့ ယုံကြည်ကြတယ်။ ပြီးတော့ စီမံဖန်တီးသူတွေက ဆန့်ကျင်ဘက် ဝိရောဓိတရားတွေနဲ့ ပြည့်နေပါတယ်။ စိတ်ကူးယဥ်‌အကြံထုတ်တတ်သလို တိကျပြတ်သားမှုရှိတယ်။ ရည်မှန်းချက်ကြီး‌ပေမယ့် တသီးတသန့်နေချင်ကြတယ်။ စူးစမ်းချင်စိတ်ကြီးပေမယ့် ရည်မှန်းချက်အပေါ် စူးစိုက်နိုင်တယ်။

ကြော်ငြာထည့်သွင်းလိုပါက ဒီမှာ နှိပ်ပါ။
intj
ပင်မMBTI Test
Developed With ❤️ By Minn Khant Naing

SHARE