Logo of Wizzdo
Wizzdo Logo
Wizzdo

Consul (ESFJ)

ကူညီစောင့်ရှောက်ပေးသူ / ကောင်စစ်ဝန်

ကြော်ငြာထည့်သွင်းလိုပါက ဒီမှာ နှိပ်ပါ။
  • အကျဉ်းချုပ်
  • အားသာချက်နှင့် အားနည်းချက်များ
  • အချစ်ရေး
  • ပေါင်းသင်းဆက်ဆံရေး
  • အလုပ်အကိုင်လမ်းကြောင်း

အကျဉ်းချုပ်

ကူညီစောင့်ရှောက်ပေးသူတွေက အလုပ်ကြိုးစားတာဝန်ကျေပွန်တဲ့ Sentinel အုပ်စုလေးမျိုးထဲက တစ်မျိုးဖြစ်ပါတယ်။ သူတို့က ကူညီပေးရဖို့ဆို အမြဲစိတ်အားထက်သန်ပြီးတော့ ဂရုစိုက်၊ ဖော်ရွေ၊ ကျော်ကြားတဲ့ လူတွေဖြစ်ပြီး ESFJ ဆိုတဲ့ ကိုယ်ရည်ကိုယ်သွေးကို ပိုင်ဆိုင်ထားပါတယ်။

ESFJ တွေက

  • Extraverted လူအများနဲ့ နေရတာကြိုက်တယ်
  • Observant လက်ရှိမှာ ဖြစ်ပျက်ပြောင်းလဲနေတာကို သတိထားတတ်တယ်
  • Feeling ခံစားချက်နောက်လိုက်တတ်ပြီးတော့
  • Judging ချင့်ချိန်ပြီးကြိုတင်စီမံတတ်တယ်
သူတို့က အာရုံစိုက်တတ်တဲ့ လူတွေဖြစ်ပြီး လူတွေနဲ့ ဆက်ဆံရတာ၊ လူမှုအဖွဲ့အစည်းတွေမှာ ပါဝင်ရတာကို ကြိုက်ပါတယ်။ သူတို့ရဲ့ ကိုယ်ပိုင်တန်ဖိုးထားမှုကို ပြတ်ပြတ်သားသားသိတာကြောင့် အောင်မြင်မှုတွေရပါတယ်။ ပြီးတော့ သူများတွေကိုလည်း အားတက်သရော အကြံပေးလမ်းညွှန်ပေးပါတယ်။
ကူညီစောင့်ရှောက်ပေးသူတွေအတွက် သူများတွေနဲ့ မျှဝေခံစားရတဲ့ အချိန်က ဘဝရဲ့ အချိုမိန်ဆုံး အချိန်တွေဖြစ်ပါတယ်။ သူငယ်ချင်း၊ အိမ်နီးချင်းနဲ့ မိတ်ဆွေတွေ အတွက် အိမ်တံခါး၊ နှလုံးသားတံခါးကို အမြဲတမ်း ဖွင့်ပေးထားတာကြောင့် သူတို့ရဲ့ အသိုင်းအဝိုင်းမှာ ကူညီစောင့်ရှောက်ပေးသူတွေက အရေးပါတဲ့လူတွေ ဖြစ်ပါတယ်။
အဲ့လိုပြောလို့ သူတို့က လူတိုင်းကို ကြိုက်တဲ့ သူတော်စင်လေးတွေမဟုတ်ပါဘူး။ ဒါပေမယ့် သူတို့က အပြုအမူကောင်း၊ ဧည့်ဝတ်ကျေပွန်မှုရဲ့ စွမ်းအားကို ယုံကြည်ကြတာကြောင့် သူတို့ရဲ့ ပတ်ဝန်းကျင်က လူတွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးဖို့ တာဝန်ရှိတယ်ဆိုပြီး မှတ်ယူထားပါတယ်။ ရက်‌ရောပြီးတော့ ယုံကြည်အားထားလို့ရတဲ့ ကူညီစောင့်ရှောက်ပေးသူတွေက ဘယ်သူမှမတောင်းဆိုရင်တောင် သူတို့ရဲ့ မိသားစု၊ အသိုင်းအဝိုင်းတွေ တညီတညွတ်တည်း အတူတူရှိနေနိုင်ဖို့ ကြိုးစားကြပါတယ်။

ကူညီစောင့်ရှောက်ပေးသူတွေက လူတွေကို ဂရုစိုက်ခံရတယ်၊ အားပေးတဲ့လူရှိတယ်၊ လုံခြုံမှုရှိတယ်လို့ ခံစားရအောင် လုပ်ပေးနိုင်တဲ့ စွမ်းရည်ရှိပါတယ်။

တာဝန်သိတတ်သူရဲ့ ဘဝ

ကူညီစောင့်ရှောက်ပေးသူတွေက ကိုယ်ကျိုးထက် အများအကျိုးကို ဦးစားပေးတဲ့လူတွေ ဖြစ်ပါတယ်။ သူတို့က သူများတွေကို အလုပ်အကျွေးပြုဖို့၊ မှန်ကန်တဲ့အရာတွေလုပ်ဖို့၊ လုပ်ပေးစရာရှိတာတွေကို လုပ်ပေးဖို့ကို တာဝန်အပြည့်ယူကြပါတယ်။
ကူညီစောင့်ရှောက်ပေးသူတွေက အခြေအနေတိုင်းမှာ လုပ်ဆောင်သင့်တဲ့ အရာတစ်ခု ရှိကိုရှိတယ်လို့ ယုံကြည်ကြပါတယ်။ တချို့ ကိုယ်ရည်ကိုယ်သွေး အမျိုးအစားတွေက လူတိုင်းမှာ ကိုယ်ယုံကြည်ရာ ကိုယ်ရှိတယ်ဆိုပြီး သက်ညှာတွေးပေးတတ်တဲ့ အကျင့်ရှိပေမယ့် ကူညီစောင့်ရှောက်ပေးသူတွေကတော့ တစ်ယောက်ယောက်က သူတို့နဲ့ ဆန့်ကျင်နေရင် အဲ့တစ်ယောက်ကို လမ်းလွဲနေပြီလို့ ပြောတတ်ပါတယ်။ ဒါကြောင့် သူတို့ဂရုစိုက်တဲ့လူတွေထဲက တစ်ယောက်ယောက်က သူတို့နဲ့ သဘောထားချင်းကွဲနေရင် အဲ့ဒီအတိုင်းလေး လက်ခံပေးလိုက်ဖို့ကို ကူညီစောင့်ရှောက်ပေးသူတွေအတွက် တအားခက်ခဲကြပါတယ်။

ကူညီစောင့်ရှောက်ပေးသူတွေက အမှားအမှန်ကို စိတ်ထဲရှင်းရှင်းလင်းလင်း သတ်မှတ်ထားပြီးသားရှိပါတယ်။ တခြားလူတွေရဲ့ လုပ်ဆောင်ချက်တွေက သူတို့ရဲ့ သတ်မှတ်ချက်နဲ့ လွဲမှားနေရင် တအားကို ခေါင်းခြောက်တတ်ကြပါတယ်။

ဘာကမှန်လဲ၊ ဘာကမှားလဲဆိုတာကို သေချာသတ်မှတ်ထားတဲ့ သူတို့ရဲ့ စိတ်သဘောထားကြောင့် များသောအားဖြင့် ခေါင်းမာသလို ဖြစ်သွားတတ်ပါတယ်။ ဒါပေမယ့် သူတို့လက်ခံယုံကြည်ထားတာတွေက စိတ်ကူးပေါက်ရာ ထင်ရာမြင်ရာတော့ မဟုတ်ပါဘူး။ သူတို့က ရိုးရာအစဉ်အလာကို လေးစားကြပါတယ်။ အရာရာတိုင်းက တစ်ယောက်ယောက်ကို အကျိုးသက်ရောက်စေနိုင်တယ် ဆိုတာကို သိကြတယ်။ ပြီးတော့ ပြဌာန်းထားတဲ့ ဉပဒေ၊ ကျင့်စဉ်၊ လုပ်ထုံးလုပ်နည်းနဲ့ လူမှုစံသတ်မှတ်ချက်တွေက တခြားလူတွေကို မထိခိုက်စေဖို့ နေ့စဉ်ဘဝမှာ လမ်းညွှန်ပေးနိုင်တယ်လို့ ယုံကြည်ကြပါတယ်။

ကြာရှည်ခံတည်မြဲတဲ့ ဆက်ဆံရေးကို တည်ဆောက်ခြင်း

အထောက်အကူပေးတတ်ပြီးတော့ ဖော်ရွေတာကြောင့် ပါတီပွဲတွေမှာ သူတို့ကို လွယ်လွယ်မြင်နိုင်ပါတယ်။ ပါတီပွဲမှာ ရောက်လာတဲ့ လူတိုင်း ပျော်နေစေဖို့ ကူလုပ်ပေးရင်း ဟိုသွားဒီသွားနဲ့ အလုပ်ရှုပ်နေတတ်ပါတယ်။ ဒါပေမယ့် သူတို့က သူများတွေရဲ့ ဘဝထဲကို လွယ်လွယ်လေးဘဲ ဝင်ထွက်နေကြတဲ့ လူတွေမဟုတ်ပါဘူး။ သစ္စာရှိတဲ့လူတွေဖြစ်တာကြောင့် တည်မြဲတဲ့ ဆက်ဆံရေးကို တည်ဆောက်ကြပါတယ်။ ပြီးတော့ အကူအညီလိုတဲ့အချိန်၊ ရင်ဖွင့်ချင်တဲ့အချိန်မှာဆိုလည်း သူတို့က ဘေးမှာ အမြဲရှိနေပေးပါတယ်။

ကူညီစောင့်ရှောက်ပေးသူတွေက အားလပ်ရက်တွေ၊ မွေးနေ့ပွဲတွေကို ဘယ်တော့မှ မပျက်ကွက်ကြပါဘူး။ ဆက်ဆံရေးကို အလေးထားကြတာကြောင့် သူတို့သူငယ်ချင်းနဲ့ ချစ်ရသူတွေရဲ့ အကြောင်းအသေးစိပ်ကစပြီး မှတ်ထားကြပါတယ်။

အစီအစဉ်တကျ ဖွဲ့စည်းထားတာကို ကြိုက်တာကြောင့် ကူညီစောင့်ရှောက်ပေးသူတွေက ကြိုတင်စီစဉ်ထားတဲ့ ပွဲတွေကို ကမန်းကတန်းထလုပ်တဲ့ လှုပ်ရှားမှုတွေထက် ပိုကြိုက်ကြပါတယ်။ သူတို့က အရာရာ အဆင်ပြေပြေ၊ ချောချောမွေ့မွေ့နဲ့ ပြီးဆုံးသွားစေဖို့ အစီအစဉ်မှူးအနေနဲ့ ဆောင်ရွက်ရတာကို ကြိုက်ပါတယ်။ သူတို့က တခြားလူတွေ ပျော်နိုင်ဖို့၊ ဆင်နွဲနိုင်ဖို့၊ ထူးခြားချက်တွေ ခံစားရစေဖို့ကို အစွမ်းကုန်ကြိုးစားတတ်ကြပြီးတော့ သူတို့ရဲ့ အားထုတ်မှုကို တစ်ယောက်ယောက်က သဘောမကျတဲ့ပုံပေါက်နေရင် ဝမ်းနည်းခံစားသွားတတ်ပါတယ်။
ကူညီစောင့်ရှောက်ပေးသူတွေအတွက် အခက်ခဲဆုံးစိန်ခေါ်မှုကတော့ လူတိုင်းရဲ့ အတွေးတွေ၊ အပြုအမူတွေကို ထိန်းချုပ်လို့မရဘူး ဆိုတာပါဘဲ။ ကိုယ့်အနီးဆုံး၊ အချစ်ရဆုံးလူတွေကိုတောင် ထိန်းချုပ်လို့မရပါဘူး။ ဒါပေမယ့် ကူညီစောင့်ရှောက်ပေးသူတွေအနေနဲ့ သူများတွေကို ဂရုစိုက်ပေးတာ၊ သူများတွေအတွက် တွေးပေးတာ၊ တာဝန်ခံတတ်တာ စတဲ့ ကိုယ်ကျွမ်းကျင်ရာတွေကိုဘဲ အာရုံစိုက်ထားရင် စိတ်ချမ်းသာ၊ အေးချမ်းကြမှာပါ။

ကြော်ငြာထည့်သွင်းလိုပါက ဒီမှာ နှိပ်ပါ။
esfj
ပင်မMBTI Test
Developed With ❤️ By Minn Khant Naing

SHARE